အသားအရေကိုထိခိုက်စေတဲ့ အဓိက အကြောင်းရင်းတွေ
သဘာဝပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုနဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် အသားအရေဟာ ကြမ်းတမ်းခြောက်သွေ့တာ၊ နီရဲရောင်ရမ်းတာ၊ အရေးအကြောင်းတွေ ပေါ်လာတာ၊ ပျော့တွဲလာပြီး အိုမင်းရင့်ရော်လာတာ စသဖြင့် ထိခိုက်ပျက်စီးလာပါတယ်။ ဒီလိုမျိုးတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ free radicals လို့ခေါ်တဲ့ အရာတွေကြောင့်ပါပဲ။
Free radicals ဆိုတာ electron တစ်လုံးသာ ပါဝင်ပြီး တည်ငြိမ်မှု မရှိတဲ့ အောက်ဆီဂျင်မော်လီကျူးတွေ ဖြစ်ပါတယ်။ ပုံမှန်အက်တမ်တစ်ခုမှာ electron နှစ်လုံးပါဝင်ရမယ့် နေရာမှာ တစ်လုံးသာပါတဲ့အတွက် ခန္ဓာကိုယ်ရဲ့ တခြားဆဲလ်တွေကနေ electron တစ်လုံးကို ခိုးယူတဲ့အခါ ခိုးယူခံရတဲ့ဆဲလ်တွေဟာ ပျက်စီးလာပြီး အိုမင်းရင့်ရော်မှုတွေ ဖြစ်စေတာပါ။
ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်ကို အမြဲရှူသွင်းနေရတဲ့အတွက် oxidation ဖြစ်ပြီး free radicals တွေ ထွက်တာကို တားလို့မရပါဘူး။ ဒါပေမယ့် free radicals တွေဟာ ပုံမှန်အားဖြင့် ပမာဏအနည်းငယ်သာ ရှိနေတတ်တာပါ။
Free radicals တွေ ပိုပိုများလာပြီး antioxidants လို့ခေါ်တဲ့ free radicals တွေကို ချေဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မရှိရင် အိုမင်းရင့်ရော်လာတာကို တားနိုင်မှာ မဟုတ်ပါဘူး။
Free radicals တွေက ဘာကြောင့် များလာတာလဲ?
(1) လေထုညစ်ညမ်းခြင်း
လေထုထဲက အညစ်အကြေးတွေက skin barrier လို့ခေါ်တဲ့ အရေပြားရဲ့ အကာအကွယ်အလွှာထဲက ကော်လဂျင်တွေနဲ့ အဆီတွေကို ဖျက်စီးပြီး အရေပြားကို အကာအကွယ်မဲ့စေပါတယ်။ ဖုန်နဲ့အညစ်အကြေးတွေဟာ အရေပြားပေါ်မှာ စုပုံလာပြီး ဆဲလ်သေတွေ၊ အဆီတွေနဲ့ရောကာ မွှေးညင်းပေါက်တွေကို ပိတ်စေပြီး အရေပြားပြဿနာတွေ ဖြစ်လာပါတယ်။
(2) အရက်
အရက်ဟာ ဆီးရွှင်စေတဲ့ သတ္တိရှိလို့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်စေပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ အသားအရေကလည်း ခြောက်သွေ့ကြမ်းတမ်း လာပါတယ်။ အရက်က အရေပြားမှာရှိတဲ့ ဗိုက်တာမင်နဲ့ အာဟာရတွေကိုလည်း ဆုံးရှုံးစေပါတယ်။
(3) ဆေးလိပ်
အိုမင်းရင့်ရော်မှုနဲ့ ဆေးလိပ်က ဒွန်တွဲနေတဲ့ အရာပါ။ ဆေးလိပ်မှာပါတဲ့ ကာဗွန်မိုနော့ဆိုဒ်တွေက အရေပြားပေါ်က အောက်ဆီဂျင်တွေကို ဖယ်ရှားပစ်ပြီး နီကိုတင်းဓာတ်က သွေးလှည့်ပတ်မှုကို ထိခိုက်စေကာ အသားအရေခြောက်သွေ့ ပြီး အရောင်အတင်းမဲ့စေပါတယ်။ ဒါ့အပြင် ဆေးလိပ်က အရေပြားတောက်ပဖို့ လိုအပ်တဲ့ ဗိုက်တာမင်စီတွေကိုလည်း ဆုံးရှုံးစေပါတယ်။
(4) နေရောင်ခြည်
နေရောင်ခြည်မှာပါတဲ့ UV rays တွေက ကော်လဂျင်တွေ ဆုံးရှုံးစေပြီး အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်မှုတွေ ဖြစ်စေသလို အရေပြားကင်ဆာကိုလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် နေလောင်တာကြောင့် အသားအရေအရောင်ကိုလည်း ပြောင်းစေပါတယ်။
(5) စိတ်ဖိစီးမှု
စိတ်ဖိစီးတဲ့အခါ ထွက်တဲ့ ကော်တီဆောလ် ဟော်မုန်းတွေက free radicals ကို ပိုမိုထွကိစေပြီး ဝက်ခြံလို အရေပြားပြဿနာတွေနဲ့ အိုမင်းရင့်ရော်မှုတွေ ဖြစ်စေပါတယ်။
(6) ရေသောက်နည်းခြင်း
ရေဓာတ်က ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ အရာပါ။ ခန္ဓာကိုယ်နဲ့အရေပြားထဲက အဆိပ်အတောက် အညစ်အကြေးတွေ စွန့်ထုတ်ဖို့နဲ့ အသားအရေ စိုပြေစေဖို့ ရေများများသောက်ဖို့ လိုပါတယ်။
ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံဖို့ အသားအရေကောင်းဖို့လည်း လိုပါတယ်။ အသားအရေ ထိခိုက်ပျက်စီးစေတဲ့ အကြောင်းတွေကို သိရပြီမို့ အခုကစ မိမိအသားအရေကို ဂရုစိုက်ပြီး အသားအရေ၏ ကောင်းခြင်းနဲ့ ပြည့်စုံလိုက်ကြပါစို့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်